မြစ်ကြီးနား အောက်တိုဘာ ၂
“သက်ကြီးအမျိုးသမီးများရဲ့ စွမ်းပကား ဒို့များအလေးထား” ဟူသည့် ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့၍ ပြည်နယ်အတွင်းရှိ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များအနေဖြင့် ဘိုးဘွားများ ဖြတ်သန်းကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံ ပညာရပ်နှင့် ဗဟုသုတများသည် တန်ဖိုးမဖြတ်နိုင်သဖြင့် အရာများဖြစ်သည့်အတွက် အနာဂါတ်မျိုးဆက်သစ် များကို လက်ဆင့်ကမ်း မျှဝေပေးနိုင်ရန်နှင့် ထိုအတွေ့အကြုံ၊ ပညာရပ်များကို အသုံးချနိုင်ရန် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် သက်ကြီး ဘိုးဘွားများကို လေးစားထိုက်၊ ဂုဏ်ပြုထိုက်သူများဖြစ်သည့်အတွက် အခမ်းအနား ကျင်းပပေးရုံ သာမက သက်ကြီးဘိုး/ဘွားများ၏ ဘဝ လုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်များတွင် ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် အခွင့်အလမ်း များကို ဖန်တီးဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် လူမှုကူညီရေး အသင်းအဖွဲ့များက ပူဇော်ကန်တော့ခံ အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၀ ဦးတို့ အတွက် ပြည်နယ်အစိုးရဖွဲ့မှ တစ်ဦးလျှင် လှူဒါန်းငွေကျပ် ၁ သိန်းစီနှင့် ငွေကျပ် ၅၀၀၀၀ တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများဖြင့် စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ်(၇၅)သိန်းကို ဘိုးဘွားများထံ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးတစ်ဦးက ကျေးဇူးတင်ဆုတောင်းပေးခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့အခမ်းအနား တက်ရောက်လာကြသည့် ဘိုးဘွား ၅၀ ဦးအပြင် အခမ်းအနား တက်ရောက်လာနိုင်ခြင်းမရှိသည့် ပြည်နယ်အတွင်းမှ အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၁၄၅ ဦးတို့ကိုလည်း လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက်မှ အသက် အကြီးဆုံးဖြစ်သည့် တနိုင်းမြို့နယ်မှ အသက် ၁၂၁ အဘွား တစ်ဦးအတွက် လှူဒါန်းငွေကျပ် ၂၅၀၀၀၀၊ အလားတူ ဒုတိယအသက်ကြီးဖြစ်သည့် မြစ်ကြီးနားမြို့နယ်မှ အသက် ၁၁၂ နှစ်ရှိ အဘွားတစ်ဦးနှင့် မိုးညှင်းမြို့နယ်မှ အသက် ၁၁၀ နှစ်ရှိပြီဖြစ်သည့် အဘိုးတစ်ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀၀ စီ ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်