လောက်ကိုင် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေနှင့် သီလရှင်များ ဝါတွင်းကာလအတွင်း ဆွမ်း၊ ကွမ်းများပြည့်စုံစွာဖြင့် သီတင်းသုံးနိုင်ရေးအတွက် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလတနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်း လှူပွဲကို ယနေ့နံနက် ၈နာရီအချိန်က လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းလောင်းလှူပွဲသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စုပေါင်းမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် လောက်ကိုင်မြို့ မန်ချူးတပ်ဦးကျောင်းတိုက် ပဓာနနာယက မဟာသဒ္ဓမ္မ ဇောတိကဓဇ သာသနာဓဇဓမ္မာစရိယ သာသနတက္ကသီလ ဓမ္မာစရိယ ဘဒ္ဒန္တဝေပုလ္လ မဟာထေရ်မြတ် ဦးဆောင်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ ၂၈၃ ပါး၊ သီလရှင် ၄၀ ပါး စုစုပေါင်း ၃၂၃ ပါးအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ လောက်ကိုင်ဒေသ ကွပ်ကွဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းမြေ့ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဒေသ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်တော်၊ ဆွမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား လောင်း လှူခဲ့ကြသည်။
ယနေ့ဆွမ်းလောင်းလှူပွဲသည် ဝါတွင်းကာလ ဆွမ်းလောင်းပွဲ၏ နောက်ဆုံးအကြိမ်ဖြစ်သဖြင့် စေတနာရှင် အလှူရှင်များက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မန်ချူး၊ ဖဟို၊ နားပန်၊ ဆီအော၊ မြတ်ဗုဒ္ဓ၊ပါစင်ကျော်၊ ညံခွမ်း၊ တာရှန်၊ တာရွှေထန်၊ ချင်စူကျိုင်း၊ ချင်းရွှေဟော်နှင့် ရှောက်တင်းပါးစသည့် ကျောင်း တိုက်အသီးသီးမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များက ဆွမ်းခံကြွရောက်ခဲ့ကြကြောင်း သိရှိရသည်။
လောက်ကိုင်(ပြန်/ဆက်)