မော်လမြိုင်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မော်လမြိုင် အောက်တိုဘာ ၂

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့‌နေ့လယ်ပိုင်းအချိန်က  မော်လမြိုင်မြို့ သာသနာ့ဗိမာန်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ၊  ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့်  စုပေါင်းကန်တော့ ခဲ့ကြသည်။

ထို့နောက် လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်နှင့်၀န်ကြီးများ တက်ရောက်လာသော တာ၀န်ရှိသူများက မော်လမြိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကာ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများအား ဘိုးဘွား တစ်ဦးချင်း လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကန့်တော့ခံ သက်ကြီးဘိုးဘွားများကိုယ်စား သက်ကြီးအဘိုးတစ်ဦးနှင့်အဘွားတစ်ဦးက ကျေးဇူးတင်ဆုတောင်းစကား ပြန်လည် ပြောကြားခဲ့ သည်။

အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် ကျင်းပပြုလုပ်ခဲ့ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား (၁၈၉) ဦးအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်