မိုးကုတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် သေဆုံးမှုများဖြစ်ပွား

မိုးကုတ်၊ စက်တင်ဘာ ၁၆

မိုးကုတ်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့ ညဦးပိုင်းမှစ၍ မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် တောင်ပြို၊ မြေပြိုမှုများဖြစ်ပွားကာ နေအိမ်အဆောင်အဦးများ၊ လမ်းများပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများလည်းရှိကြောင်း သိရှိရသည်။

 အဆိုပါဖြစ်စဉ်ကြောင့် ရှောလီဝိုင်းရပ်ကွက်၊ ရွှေကူနယ်မြေ ၁၃ တွင် တောင်ကမ်းပါးယံကျောက်ရိုးရေစိမ့်၍ ပြိုကျရာမှ အိမ်ပေါ်သို့ပိမိကာ အသက် ၆၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကျန်မိသားစုဝင်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြောင်းပြင်အုပ်စု၊ ကိုးလံကျေးရွာတွင်လည်း တောင်ပြိုကျမှုကြောင့် အိမ်ပြိုကျကာ နေအိမ်အတွင်းရှိ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၊ အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၃ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြသည့်အပြင် အောင်နန်းရပ်ကွက်၊ မြေမဲကျေးရွာနှင့် ကသဲအုပ်စု ဘုရားသုံးဆူရပ်တို့တွင်လည်း ကမ်းပါယံပြိုကျမှုကြောင့် နေအိမ်အချို့ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရှိရသည်။

အဆိုပါပျက်စီးမှုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အရံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်)တို့ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နေကြပြီး ပျက်စီးဆုံးရှုံးမှုများ ထပ်မံသိရှိရပါကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖြိုးမမ(မိုးကုတ်)

09261070636