မောက်မယ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ပူဇော်ထိုက်သူကို ပူဇော်ကန်တော့ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်နှင့်အညီ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ဖိတ်ကြား၍ ပူဇော် ကန်တော့ရခြင်း ဖြစ်ပြီး အစဉ်အလာ မပျက်လုပ်ဆောင်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဖိတ်ကြားထားသည့် သက်ကြီးဘိုးဘွားများ(၁၀)ဦးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ နှုန်းနှင့် အာဟာရအစားအစာများဖြင့် လှူဒါန်းကန်တော့ခဲ့ပြီး ကန်တော့ခံသက်ကြီး ဘိုးဘွားများ၏ကိုယ်စား ကုန်းလမ်းရပ်ကွက်နေ ဦးအိန္တိက ကျေးဇူးတင်ဝမ်းမြောက်ပီတိစကား ပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)