စစ်တွေ အောက်တိုဘာ ၁
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နှစ်စဉ်အောက်တို ဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မိမိတို့ မြမာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကိုနိုင်ငံတော် အဆင့် သာမက တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာပါ ကျင်းပလျက်ရှိကြောင်း၊ မြန်မာလူ့ဘောင်အဖွဲ့အစည်း အနေဖြင့် ရှေးအစဉ်အလာ အဆက်ဆက်ကတည်းက သက်ကြီးရွယ်အို များကို လေးစားတန်ဖိုးထားတတ်ကြပြီး သားသမီး၊ မြေးမြစ်များက အတူနေထိုင်ပြုစုစောင့်ရှောက်ကာ ခွဲခြားဖယ်ကြဉ်ဆက်ဆံမှု မပြုကြဘဲ သက်ကြီး ရွယ်အိုများ၏ အခွင့်အလမ်းများနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြကြောင်း၊ သို့သော်လည်း ပြောင်းလဲလာသည့် လူမှုစီးပွားအခြေအနေနှင့်အတူ ဘိုးဘွား၊ မိဘ၊ သားသမီး၊ မြေးမြစ်များနှင့်အတူနေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ရှောက်ကြသည့် ဓလေ့သည်လည်း လျော့ပါးလာခဲ့ပါကြောင်း၊ ထို့ကြောင့် မိသားစုက ပြုစုစောင့် ရှောက်ခြင်းနည်းလမ်းအပြင် အခြားသော ရပ်ရွာအခြေပြု သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ခြင်းနှင့် အခြားသောပြုစုစောင့်ရှောက်သည့် နည်း လမ်းများကို လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားရမည်ဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ဘိုးဘွား ရိပ်သာ (၉၂) ခုမှာ ဘိုးဘွားများအား လက်ခံစောင့်ရှောက်ထားကာ နိုင်ငံတော်အနေဖြင့် ဘိုးဘွားများ အတွက် ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စစ်တွေ ဘိုးဘွား ရိပ်သာ၊ ကျောက်ဖြူဘိုးဘွားရိပ်သာ၊ ရွှေမေတ္တာဘိုးဘွားရိပ်သာ၊ မေတ္တာဝတီဘိုးဘွား ရိပ်သာတို့မှာ ဘိုးဘွား (၁၅၇) ဦးကို လက်ခံစောင့်ရှောက်ထားပြီး နိုင်ငံတော်အစိုးရနှင့်အလှူရှင်များက ဝိုင်းဝန်းပံ့ပိုးပေးလျက်ရှိ ကြောင်းနှင့် ဘိုးဘွားများ၏ အခန်းကဏ္ဍအားတိုးမြှင့်ဖော်ဆောင်ရာတွင် အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေး ကြ စေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဘိုး၊ အဘွားများအား လက်ဆောင် ပစ္စည်းများပေးအပ်ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ် အတွင်းရှိ ဘိုးဘွားရိပ်သာလေးခုအတွက်ထောက်ပံ့ငွေ ၁၉၄၇၀၀၀၀နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ၅ သိန်းတို့ကို ပေးအပ်လှူဒါန်းကြကာ အဘိုးအဘွားများကိုယ်စား အဘိုး ဦးစံကျော်သာမှကျေးဇူးတင်စကား ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့၏ ဆောင်ပုဒ်မှာ “သာတူညီမျှ ဒီဂျစ်တယ်ကဏ္ဍ သက်ရွယ်မရွေးပါဝင်ကြ” ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)