မန္တလေး၊ချမ်းအေးသာစံ အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၊တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရဲသူရိန် ခန်းမ၌ ယနေ့နံနက်ပိုင်းက (၅၈)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကျင်းပခဲ့ရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက ရဲတပ်ဖွဲ့များ၏ရည်ရွယ်ချက်၊ လုပ်ငန်း တာဝန်များအောင်မြင်ရေး ကြိုးစားအကောင်အထည်ဖော်ရာတွင် ပြည်သူများနှင့်အတူတစ်စိတ် တစ်ဝမ်းတည်းဖြစ်စေဖို့၊ ပြည်သူက အားကိုးယုံကြည်ရသော ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်နိုင်စေရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် စိန်လွင်က ၂၀၂၂ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီးနောက် မန္တလေးတိုင်းဒေသကြီးအတွင်း ရဲဝံ့သတ္တိရှိစွာဖြင့် အသက် ကိုပဓာနမထားပဲ ပြည်သူ့အကျိုးရဲတပ်ဖွဲ့တာဝန်များကို ထမ်းပိုး ဆောင်ရွက်ခဲ့ကြသော ရဲသူရ (၇)ဦး၊ရဲဗလ(၅၅)ဦး၊ရဲကျော်စွာ(၆) ဦး၊ရဲကျော်သူ(၁)ဦး၊ တစ်ဆင့်မြှင့်ရာထူးတိုး(၃)ဦး၊အမှုထမ်းကောင်း(၃၈)ဦး စသည့် ရဲတပ်ဖွဲ့ဝင်များအား မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်များ အသီးသီးပေးအပ် ခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသောတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များအား (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဗီဒီယိုအား ပြသခဲ့ကြပြီးနောက် ခင်းကျင်းပြသထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း