ကလောမြို့နယ်၌ (၁/၂၀၂၂) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ကလော အောက်တိုဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မိမိတို့မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၂) အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလောမြို့၊မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးက သင်တန်းဆင်းပွဲ အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနဟာ မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အခြားသောသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်နှင့် ရုတ်တရက်မတော်တဆဖြစ်ပွားသော ဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် လှုံ့ဆော်ပညာပေးရာတွင်လည်းကောင်း၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် များနှင့်အတူ မီးသတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်ရပ်ကွက်ကျေးရွာများမှ ပြည်သူ့ အကျိုးပြုလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများကိုစုစည်း၍ အရန်မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်း ရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပွားစဉ်မှာဖြစ်ဖြစ်၊ မီးလောင်ပြင် မီးငြှိမ်းသတ်ချိန်မှာပဲ ဖြစ်ဖြစ် တပ်ဖွဲ့ဝင်တိုင်းဟာ ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့အတွက် မိမိရဲ့အကျင့်စာရိတ္တကို ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက် ကြဖို့လည်း အလွန်အရေးကြီးပါကြောင်း၊ ပြည်သူလူထုနဲ့ ထိတွေ့၊ ဆက်ဆံတဲ့အခါများမှာလည်း ယဉ်ကျေးပျူငှာစွာ စည်းရုံးပြောဆိုတတ်ရမယ်၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း ပြည်သူလူထုရဲ့ အထင်အမြင်လွဲမှားမှုများအပေါ် စိတ်ရှည်သည်းခံပြီး ရှင်းလင်း ပြောဆိုတတ်ဖို့ လိုအပ်ပါကြောင်း၊ “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်” ဆိုတဲ့ စကားအတိုင်းမီးဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးစေရေးအတွက် အထောက်အကူကောင်း ဖြစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အားများကို မိမိတို့နယ်မြေဒေသတွေမှာ ခိုင်မာစွာ စနစ်တကျ တိုးချဲ့ဖွဲ့စည်းတည်ဆောက်နိုင်ကြဖို့နဲ့ မိမိရပ်ရွာရဲ့အားကိုးအား ထားပြုရတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအဖြစ် ဂုဏ်ယူကြစေလိုကြောင်းတို့ပြောကြားခဲ့သည်။ထို့နောက် ကလောခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လဝကဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်နှင့်တာဝန်ရှိသူများက သင်တန်းသားများအား ထူးချွန်ဆုပထမ၊ ဒုတိယ၊ တတိယဆုတို့နှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့် ပေးခဲ့ကြသည်။ အဆိုပါသင်တန်းကိုကလောမြို့နယ်အတွင်းရှိ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့ကို သင်တန်းကာလ စက်တင်ဘာလ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ အထိသင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဝင်း(ပြန်/ဆက်)