ပေါက်တော အောက်တိုဘာ ၂
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာရေနံနှင့် ဓာတုဗေဒလုပ်ငန်းများမှ ထုတ်လုပ်လျက်ရှိသော ယူးရီးယားဓာတ်မြေဩဇာကို ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက တက်ရောက်အဖွင့်အမှာစကားပြောကြား၍ ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက ယူးရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရ ခြင်းအကြောင်းကိုရှင်းလင်း ပြောကြားပြီး ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူ ၅၁ ဦးသို့ ယူးရီးယား ဓာတ်မြေဩဇာ ၅၁ အိတ်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့် ဆက်စပ်ဌာန အကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)