လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

လားရှိုး အောက်တိုဘာ ၂ 

၂၀၂၂ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သော (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ဆင်းရွှေလီဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ‘မြန်မာနိုင်ငံတွင် အောက်တိုဘာလ(၁)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကို ၁၉၉၉ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ယခု၂၀၂၂ခုနှစ်သည် (၂၃)ကြိမ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများကို မြန်မာဓလေ့ရေမြေသဘာ၀နဲ့လိုက်လျောညီထွေဖြစ်မည့် ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုတွေကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးသာမက မိသားစုအခြေပြုစောင့် ရှောက်ရေး၊ ရပ်ရွာအခြေပြု စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ကြီး ရွယ်အိုများအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ရရှိအောင် ပြည်သူတစ်ရပ်လုံးက စာနာစိတ်ပွားများပြီး ဝိုင်းဝန်ဆောင်ရွက်ပေးကြစေလိုကြောင်း’ ပြောကြားခဲ့သည်။

ထို့နောက် ကန်တော့ခံအဘိုး၊ အဘွားများအား အလှူငွေများကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တက်ရောက်လာသူများက တစ်ဦးချင်းပေးအပ်လှူဒါန်းခဲ့ပြီး ကန်တော့ခံအဘိုး၊ အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး