ကျိုက္ခမီဆု​တောင်းပြည့်​ဆံ​တော်ရှင်​ ရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပ

သံဖြူဇရပ် အောက်တိုဘာ ၂

မွန်ပြည်နယ်၊​ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆု​တောင်း ပြည့်ဆံတော်ရှင် ရေလယ်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲ​တော်ကျင်းပ​ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​မန်နေ့နံနက် ၉ နာရီက ကျိုက္ခမီမြို့​ဆံ​တော်ရှင်​ရေလယ်ဘုရကုန်း​တော်​ပေါ်ရှိ သာသနာ့ဗိမာန်​တော်ကြီး၌ ​ကျင်းပရာ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊​ ရေလယ်ဘုရား​ဘဏ္ဍာ ထိန်း ဂေါပကအဖွဲ့နှင့် ပွဲ​တော်ကျင်းပ​ရေး​ကော်မတီဝင်များ တက်​ရောက်ခဲ့သည်။

အဆိုပါ​ညှိနှိုင်းအစည်းအဝေးတွင်၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် ဦး​ကျော်မြင့်မှ ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးပြုလုပ်မည့် အစီအမံ များကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထိုနောက်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးမြတ်​ကျော်၊ လူဝင်မှုကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင် ဒုတိယညွှန်ကြားရေးမှူးဦးစည်သူတို့မှ ဘုရားပွဲတော်ကျင်းပရေးနှင့် ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ ဗုဒ္ဓပူဇနိယပွဲ​တော် ကျင်းပရာတွင် လုံခြုံ​ရေးဆိုင်ရာလုပ်ငန်းများ စီမံထားရှိမှု၊ ဘုရားဖူးလာပြည်သူများအတွက် ကိုဗစ်-၁၉​ရောဂါကာကွယ်​ရေး အစီအစဥ်များနှင့် ကျန်းမာ​ရေးဆိုင်ရာများအတွက်​ဆောင်ရွက်ထားရှိမှုများ၊ ရပ်ဝေးဘုရားဖူးများအတွက် တည်းခို​နေထိုင်​ရေး၊ ပွဲ​တော်မီး​ဘေးလုံခြုံ​ရေးအစီအစဉ်များကို​ ဆွေး​နွေးခဲ့ကြသည်။

ဆက်လက်၍ ကျိုက္ခမီ​ရေလယ်ဘုရား ဘဏ္ဍာထိန်း​ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦး​​အောင်သန်းက ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲ​တော်အား၊ ပဌာန်း​ဒေသနာရွတ်ဖတ်ပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်​နေ့၌ ဓမ္မစင်္ကြာအခါ​တော်နေ့ ကျင်းပခြင်း၊ ဆွမ်းအိုး​မျောပွဲ ကျင်း ပခြင်းတို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြား​ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပြောကြားပြီး၊ တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း လုပ်ငန်းအလိုက်​ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှလည်း လုပ်ငန်းအလိုက် တင်ပြချက်များအပေါ် ပြန်လည်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ကျိုက္ခမီဆံတော်ရှင်​ ရေလယ်မြတ် ဘုရားဗုဒ္ဓပူဇနိယပွဲ​တော်အား နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်​နေ့ မှ လပြည့်​​ကျော် ၅ ရက်‌နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ​ကြောင်း သိရသည်။

အေး​အေးသီ(ပြန်/ဆက်)