မော်လမြိုင် အောက်တိုဘာ ၁
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့်(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီခွဲ အချိန်က မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံ၌ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့်ဇနီး၊ ဒုပြည်နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးကြီး ဥက္ကာကိုနှင့်ဇနီး၊ အရာရှိများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ပြီး ဆရာတော်၊သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်များထံမှ သာဓုအနုမောဒနာ တရားနာယူကာ ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနာ စိရံတိဏုတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်ခဲ့သည်။
ဆက်လက်၍ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားအား ရာမညဇာနည်ခန်းမ၌ ၉ နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များနှင့် တပ်ဖွဲ့၀င်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း က အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဟာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လာခဲ့တာဟာ ယနေ့ဆိုလျှင် (၅၈)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်ငန်းတာဝန်များ အောင်မြင်ရေး ကြိုးစားအကောင်အထည်ဖော်ရာတွင် ပြည်သူများနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်းဖြစ်စေဖို့၊ ပြည်သူက အားကိုးယုံကြည်ရသော ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး အလေးအနက်ထားဆောင်ရွက်နိုင်စေရန် ရဲတပ်ဖွဲ့ဝင်များရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရမှာဖြစ်သလို လုပ်ငန်းအပေါ်မှာ တာဝန်ကျေပွန်စွာ မှန်ကန်မွန်မြတ်တဲ့ စိတ်စေတနာကောင်းနဲ့ဆောင်ရွက် သွားဖို့လည်း တိုက်တွန်းလိုကြောင်း၊ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကို ပစ်မထားဘဲ တပ်ဖွဲ့ဝင်နဲ့ မိသားစုများထံသို့ သွားရောက်ထိတွေ့ အားပေးဆောင်ရွက်ခဲ့ပြီး စားနပ်ရိက္ခာများ၊ စက်သုံးဆီနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် သက်စွန့်ကြိုးပမ်း တာဝန် ထမ်းရွက်ခဲ့သူများကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင် အမှာစကား ပြော ကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးဆွေ က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့်(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ရဲချုပ်ကပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီးနောက် မွန်ပြည်နယ်အတွင်း ရဲဝံ့သတ္တိရှိစွာဖြင့် အသက်ကိုပဓာန မထားပဲ ပြည်သူ့အကျိုးရဲတပ်ဖွဲ့တာဝန်များကို ထမ်းပိုးဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများချီးမြှင့်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ရဲသူရဆု (၁)ဆုနှင့် ရဲဗလဆု (၂)ဆု ချီးမြှင့်၍ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ အဆင့်တိုးရာထူး တံဆိပ်တပ်ဆင်ပေးခဲ့ကာ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ရဲဗလဆု(၃)ဆုအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရာသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ရဲဗလဆု၊ ရဲချုပ်အမှုထမ်းကောင်း လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဗီဒီယိုအား ပြသခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းပြခန်းအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)