ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လောက်ကိုင်   အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၃)ရပ်ကွက်၊ ဆီအော သွားလမ်းညောင်ပင်မှ လမ်းမကြီး တစ်လျှောက်စတင်၍ ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများမဆောင်ရွက်မီ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းရန်နိုင်ဦးက မြို့တွင်းသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေအသေးစိတ်ကို တင်ပြခဲ့ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းကဦးဆောင်၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းမြေ့ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိ ဦးစိုင်းရန်နိုင်ဦး တို့က လမ်းမကြီးတစ်လျှောက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်များ၊ ဒေသခံပြည်သူများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

လောက်ကိုင်မြို့အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ပူးပေါင်းအဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြရာ  ပူးပေါင်းအဖွဲ့(၁)သည် အမှတ်(၃)ရပ်ကွက်၊ ဆီအောသွား လမ်းညောင်ပင်မှ ကျူဖန်လမ်းဆုံမီးပွိုင့်- ဘုံခုနစ်ဆင့်-ရင်ဖုန်းမီးပွိုင့်အထိလမ်းမကြီး တစ်လျှောက်ကိုလည်းကောင်း၊ ပူးပေါင်း အဖွဲ့(၂)သည် အမှတ်(၃)ရပ်ကွက်၊ ကျူဖန်လမ်းဆုံမီးပွိုင့်မှ အမှတ်(၂)ရပ်ကွက်၊ ကျင်ရွှေထန်လမ်း-ဆည်မြောင်းရုံးလမ်း-အမှတ်(၃၂၂)ခြေလျင် တပ်ရင်းရှေ့အထိ လမ်းမကြီး တစ်လျှောက်ကိုလည်းကောင်း မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၈)စီး၊ အမှိုက်သိမ်းယာဉ်(၄)စီး၊ ဘက်ဖိုး(၁)စီး စုစုပေါင်း အင်အား(၄၃၂)ဦးတို့ဖြင့် အသီးသီးဆောင်ရွက်ခဲ့ကြကြောင်းနှင့် လမ်းမကြီးဘေးဝဲယာရှိ ရေမြောင်းများကိုလည်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လောက်ကိုင်(ပြန်/ဆက်)