မိုင်းကိုင် အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို များနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဆုမွန်နောင်က အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အကြောင်း၊ နိုင်ငံတော်မှ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ပေးနေမှု အခြေအနေနှင့် ထပ်မံထောက်ပံ့ပေးနိုင်ရေး ဘိုးဘွားစာရင်း ကျန်ရှိမှုမရှိစေရန် စာရင်းကောက်ခံမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် သက်ကြီးဘိုးဘွားများအား လည်းကောင်း၊ အခမ်းအနားသို့ တက်ရောက်လာနိုင်ခြင်း မရှိသော ဘိုးဘွားများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲအပ်ပေးခြင်းဖြင့် လည်းကောင်း လူမှုရေးပင်စင်ထောက်ပံ့ငွေများ အသီးသီးပေး အပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွက် မိုင်းကိုင်မြို့နယ် အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား တစ်လလျှင် တစ်သောင်းကျပ်၊ သုံးလစာ သုံးသောင်းကျပ်စီဖြင့် ဘိုးဘွားပေါင်း ၂၅၉ ဦးတို့ကို နိုင်ငံတော်မှပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)