ဖားကန့် စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဖားကန့် မြို့မရဲစခန်းမှ အချုပ်ထောင်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ အပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် ဦးဆောင်သည့် အဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့် လမ်းညွှန်မှာကြားချက်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အချုပ်ခန်းအသီးသီးအနေဖြင့် အချုပ်သားများကို အချုပ်စခန်းမှ တရားရုံးသို့ ရုံးထုတ်ချိန်များတွင် အချုပ်သားတစ်ဦးချင်းစီအား Mask နှင့် မျက်နှာအကာများ စနစ်တကျ တပ်ဆင်ပေးရန်၊ အချုပ်သားများသို့ လာရောက်ပို့ဆောင်သော အစားအသောက်များကို ပါဆယ်အိတ်နှစ်ထပ်ဖြင့် ယူဆောင်စေပြီး အပြင်အိတ်တစ်ထပ်ကို စနစ်တကျစွန့်ပစ်ပြီး တာဝန်ရှိသူများကိုယ်တိုင် ပို့ဆောင်ပြီးပေးရန်၊ လက်ဆေးဘေစင်များ အလုံအလောက်ထားရှိရေး ဆောင်ရွက်ရန်၊ ထူးခြားမှုတစ်စုံတစ်ရာရှိလာပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ပြီး နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ရန်တို့ ညွှန်ကြားထားကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)