မလှိုင် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြင်းတွင်းကျေးရွာဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြင်းတွင်းကျေးရွာရှိ မြသိန်းတန်လယ်တီဓမ္မာဗိမ္မာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်း (၅) ကြောင်းနှင့်ပတ်သက်၍ လာရောက်ရသည့် ရည်ရွယ်ချက် များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် အဖွဲ့ဝင် (၃) ဦးသိန်းဟန်က ပန်းခင်းစီမံချက် (၂) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် လွယ်ကူလျင်မြန်စေရေး စံသတ်မှတ်ချက်(SOP)ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ (၅) ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် ကျန်းမာရေးကဏ္ဍ (၁) ခု၊ လမ်းရရှိရေးကဏ္ဍ (၁)ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား အမည်မှန်ပြောင်းလဲနိုင်ရေးကဏ္ဍ (၁)ခု၊ ရေကန်ဘောင်ရိုး မြှင့်တင်ပေးနိုင်ရေးကဏ္ဍ (၁)ခု၊ စိုက်ပျိုးရေးကဏ္ဍ (၁) ခု စုစုပေါင်းလိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၅)ခု အား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် (၁၅)ဦး၊ အပျောက်/အပျက် (၆)ဦး၊ စုစုပေါင်း (၂၁) ဦး ဆောင်ရွက်ပေးခဲ့ပြီး ကာယကံရှင်များထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ တစ်ဆက်တည်း အခမ်းအနား တက်ရောက်လာသူ ပြည်သူလူထု (၄၀၀)ဦးအနက် (၃၄၅)ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster) ထပ်ဆောင်းကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)