မိုင်းတုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့လယ်ဓမ္မရုံ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက နှစ်စဉ်အောက်တိုဘာလ (၁) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာတို့၏ဓလေ့ထုံး တမ်းအစဉ်အလာအရ ပူဇော်ထိုက်သူကို ပူဇော်ကန်တော့ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ရပ်ကွက်/ကျေးရွာရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဖိတ်ကြား၍ ပူဇော်ကန်တော့ရခြင်းဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများသည် အသိပညာ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ သိက္ခာ၊ သမာဓိအားဖြင့် ပြည့်စုံနေဆဲကို အသိအမှတ်ပြုသင့်ကြောင်း၊ ကျွန်တော်တို့မိုင်းတုံမြို့ အနေနဲ့ နှစ်စဉ်အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့နှင့် နှစ်သစ်ကူး နှစ်ဆန်း နှစ်ရက်နေ့ တို့တွင် အစဉ်အလာမပျက် လုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဘိုးဘွားတို့အား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး အသက်(၈၅)နှစ်အထက် ဘိုးဘွား(၂၅)ဦးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဘိုးဘွားတစ်ဦးလျှင် ငွေသား(၃၀၀၀၀) ကျပ် ကန်တော့ပစ္စည်း(၈၀၀၀) စုစုပေါင်း တစ်ဦးလျှင် (၃၈၀၀၀)ကျပ်နှုန်းဖြင့် ဘိုးဘွား(၂၅)ဦး အားစုစုပေါင်း (၉၅၀၀၀၀)ကျပ် လှူဒါန်းကန်တော့ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)