တန့်ယန်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈ နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ထံမှပေးပို့သော (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် သဝဏ်လွှာအား တန့်ယန်းခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းက ဖတ်ကြားသည်။
ယင်းနောက် ခရိုင်နှင့်မြို့နယ်တို့မှ တပ်ဖွဲ့ဝင်၊ မိသားစုဝင်များ၏ နေ့ကြီးရက်ကြီးများ၊ အထိမ်းအမှတ် ပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသူများ၊ အိမ်ထောင်သည် မိသားစုများ၏ လိုင်းခန်းဆုနှင့် သန့်ရှင်းရေးဆုများ၊ သင်တန်းတွင် ထူးချွန်ဆုရှိသူများအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူအသီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများကို ပေးအပ်ချီးမြှင့်ကြပြီး အငြိမ်းစားရဲဝန်ထမ်းဟောင်း (၂၂) ဦးကိုလည်း ဆန်နှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းအပြင် နံနက် ၅ နာရီကလည်း ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)