ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သူနာပြုနှီးနွယ် သင်တန်းကျောင်းတွင် Quarantine Center ဖွင့်လှစ်

ဒဂုံ(အရှေ့) စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ ကြီးကြပ်၍  Quarantine Center ကို  သူနာပြုနှီးနွယ်သင်တန်းကျောင်းဝင်းအတွင်းရှိ  နှစ်ထပ်ဆောင်၌ ယမန်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါ Quarantine Centerတွင် မြို့နယ်အတွင်းနေ ကိုဗစ်-၁၉ ရောဂါ Positive လူနာများနှင့် အဓိက ထိတွေ့သော သူများအား ထားရှိပြီး အပေါ်ထပ်တစ်ခန်းလျှင် (၆)ပေခြားဖြင့် တစ်ခန်းလျှင် လူဦးရေ (၈)ဦးနှုန်း အခန်း(၅)ခန်းတွင်(၄၀)ဦးနှင့် အောက်ထပ်တွင် ၆ ပေခြားဖြင့် (၃၄)ဦး၊ စုစုပေါင်း လူဦးရေ(၇၄)ဦးထားရှိကြောင်း သိရသည်။

ထို့နောက် Center တွင် ​သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖုန်းအားသွင်းရန် နေရာနှင့် လက်ဆေးဘေစင်များ စီစဉ်ထားရှိခြင်းနှင့် စားသောက်ရေးအတွက် အလှူရှင်မရှိသည့် နေ့များတွင် မိမိအစီအစဉ်ဖြင့် လာရောက်ပို့ဆောင်စေကာ Quarantine Center စောင့်ကြပ်သူများမှတစ်ဆင့် ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)