မြစ်ကြီးနားမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပခြင်းနှင့် ဆုရတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်

မြစ်ကြီးနား အောက်တိုဘာ ၁

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြလုပ်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ်အတွင်း ရဲဗလဆုရတပ်ဖွဲ့ဝင်များနှင့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြ သောတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်ဆိုသည့် မျှော်မှန်းချက်များနှင့်အညီ အဖွဲ့အစည်းကောင်းတစ်ခုရဲ့ အနှစ်သာရဖြစ်သည့် စိတ်ဓာတ် ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန် ဆိုသည်ကို တပ်ဖွဲ့ဝင်တစ်ဦးချင်းစီက စဉ်ဆက်မပြတ် ဆက်လက် ခံယူလေ့ကျင့်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှု ပိုမိုရရှိစေရန် တပ်ဖွဲ့ဝင် များသည် အဂတိတရားကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့ကချမှတ်ထားသော ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များကိုလည်း လိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့် အညီ လုံခြုံအောင် အကာအကွယ်ပေးစောင့်ရှောက်သွားရန် တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြုပြော ကြားသည်။

ထို့နောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်းက (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဗိုလ်ချုပ်ဇင်မင်းထက်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်နှင့် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးတို့က ရဲဗလဆုရရှိခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထမ်းအမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကချင်ပြည်နယ်ရဲတပ်ဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်အပေါ် ဆောင်ရွက် ချက်များနှင့် ခင်းကျင်းပထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အပြင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်း၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသွင်နှင့် တာဝန်ရှိသူများက ရဲဗလ ဆုရ တပ်ဖွဲ့ဝင်များ၊ မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များ၊ ၂၀၂၂ ခုနှစ် လေ့ကျင့်ရေးနှစ်အတွင်း ဖွင့်လှစ်ခဲသော သင်တန်းအသီးသီးတွင် ထူးချွန်စွာကြိုးစားခဲ့ကြသည့် လေ့ကျင့်ရေးထူးချွန်ဆုရတပ်ဖွဲ့ဝင်များ၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်စွာကြိုးစားခဲ့ကြသည့် တပ်ဖွဲ့ဝင်များနှင့် ဆုရမိသားစုဝင်များအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အငြိမ်းစားရဲမှူးထမ်းဟောင်းကိုလည်း ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)