ချမ်းအေးသာစံမြို့နယ်တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မဟာအောင်မြေ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ယနေ့နံနက်ပိုင်းက (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပခဲ့ရာ မန္တ‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး‌ ကျော်ကျော်မင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မန္တ‌လေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက ရဲတပ်ဖွဲ့များ၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ အောင်မြင်ရေး ကြိုးစား အကောင်အထည်ဖော်ရာတွင် ပြည်သူများနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေဖို့၊ ပြည်သူက အားကိုးယုံကြည်ရသော ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်နိုင်စေရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်စိန်လွင်က ၂၀၂၂ ခုနှစ် အောက်တိုဘာ လ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီးနောက် မန္တလေးတိုင်းဒေသကြီးအတွင်း ရဲဝံ့သတ္တိရှိစွာဖြင့် အသက်ကိုပဓာနမထားပဲ ပြည်သူ့အကျိုးရဲတပ်ဖွဲ့တာဝန်များကို ထမ်းပိုး ဆောင်ရွက်ခဲ့ကြသော ရဲသူရ(၇)ဦး၊ ရဲဗလ(၅၅)ဦး၊ ရဲ‌ကျော်စွာ(၆)ဦး၊ ရဲကျော်သူ(၁)ဦး၊ တစ်ဆင့်မြှင့်ရာထူးတိုး (၃)ဦး၊ အမှုထမ်းကောင်း (၃၈) ဦး စသည့် ရဲတပ်ဖွဲ့ဝင်များအား မန္တ‌လေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာ‌သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များအား (၅၈) နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဗီဒီယိုအား ပြသခဲ့ကြပြီးနောက် ခင်းကျင်း ပြသထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား မှတ်တမ်းဓာတ်ပုံများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း