မိုင်းဖြတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းနှင့် သောက်သုံးရေရရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးအတွက် စက်တင်ဘာလ ၁၆ရက် နံနက် ၉ နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးတိုင်းတာမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးတိုင်းတာရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်၊ ဦးစီးအရာရှိ (နည်းပညာ)ဒေါ်သီသီအောင်၊ တောညုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးယောဟန်နှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည့် တောညုကျေးရွာအုပ်စု ဆိုက်ခေါင်-ကျယီကျေးရွာ သို့ဆက်သွယ်ဖောက်လုပ်မည့် ကုန်ထုတ်လမ်းဖောက်လုပ်မည့် မြေပြင်အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့်အဖွဲ့သည် သောက်သုံးရေ ရရှိရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းလျားထားသည့် ကျေးရွာငါးရွာဖြစ်သည့် ပါယောင်း(၂) ၊ ဆိုင်းလေ၊ ဆိုက်ခေါင်၊ ဟိုနား(အာခါ)၊ ထောကြူ စသည့်ကျေးရွာများသို့ မြေပြင်အခြေအနေ သိရှိနိုင်ရေးအတွက် တိုင်းတာခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)