တောင်ကြီး အောက်တိုဘာ ၁
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ယနေ့နံနက် (၉)နာရီက တောင်ကြီးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပသည်။
(၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသား၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အခွင့်အရေးနှင့် လုံခြုံရေးများကို ပြည့်ပြည့်ဝဝ ခံစားခွင့်ရနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့်အချိန်တွင် တရားဥပဒေစိုးမိုးရေးသည် အဓိကျသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ရဲတပ်ဖွဲ့ဝင်အားလုံးက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဥ်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုနှင့်အစဉ် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ယခုနှစ်အတွင်း ရှမ်းပြည်နယ်အတွင်း၌ နယ်မြေခံတပ်၊မူးယစ်တပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်အဖွဲ့များ၊ လက်နက်ခဲယမ်းများ၊ မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ကို ချီးကြူးဂုဏ်ပြုပါကြောင်း၊ ယခုကဲ့သို့ ဆက်လက်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကို က ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီး လုပ်ငန်းစွမ်းရည် ဂုဏ်ပြုလွှာနှင့် စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် တင်ကိုကိုအား ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ၂၀၂၁/၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းဖော်ထုတ်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ်၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာချီးမြှင့်ပေးပြီး သူရဘွဲ့တံဆိပ်ရရှိသူ ကျဆုံးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် (၃)ဦးအား ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ရဲသူရ ဘွဲ့တံဆိပ် ရရှိသူကျ ဆုံးတပ်ဖွဲ့ဝင် (၁၄)ဦး၏ မိသားစုဝင်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ချီးမြှင့်ပေး၍ လည်းကောင်း၊ ရဲဗလ ဘွဲ့တံဆိပ်ရရှိသူ ဒဏ်ရာရ တပ်ဖွဲ့ဝင်(၃)ဦးနှင့် ကျဆုံးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် (၂)ဦးအား ပြည်နယ်ဥပဒေချုပ်မှ လည်းကောင်း၊ ရဲဗလ ဘွဲ့တံဆိပ်ရရှိသူ ဒဏ်ရာရ တပ်ဖွဲ့ဝင် (၅)ဦးအား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လည်းကောင်း၊ ရဲကျော်စွာ ဘွဲ့တံဆိပ် ရရှိသူတပ်ဖွဲ့ဝင် (၂)ဦးနှင့် ရပ်စောက်မြို့ ကျောက်ဂူကျေးရွာတွင် လက်နက်ဖမ်းဆီးရမိသည့် တပ်ဖွဲ့များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေ ကျပ် (၁၀) သိန်းတို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က အသီးသီး ဆုများချီးမြှင့်ပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့သော ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသပြီးစွမ်းရည် သတ္တိဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသူ တပ်ဖွဲ့ဝင်မိသားစုများနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူး၍ မြန်မာနိုင်ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ၊ပြည်နယ်ဝန်ကြီးများက လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
အင်းသားလေး(တောင်ကြီး)