စစ်တွေ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကြီးကြပ်၍ ၂၀၂၂ ခုနှစ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့၊ ရှုခင်းသာလမ်း၊ တြိဂံဧရိယာအနီးကမ်းခြေ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း က အနာဂတ်အတွက် ဒီရေတောများ ရေရှည်တည်တံ့စေရေး၊ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနှင့် ဒီရေတောထိန်း သိမ်းရေးလုပ်ငန်းများတွင် ပြည်သူများနိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက် ရည်ရွယ်ပြီး ယနေ့ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းက ဒီရေတောသစ်ပင်စိုက်ပျိုး ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ နည်းပညာတက္ကသိုလ်(စစ်တွေ)တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများအား ပျိုးပင်များကို ဖြန့်ဝေပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒီရေတောသစ်ပင်များ စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။ ထို့သိုသစ်ပင်စိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ အင်အား ၄၀၀ ကျော်တို့မှ ဒီရေတောသစ်ပင်ဖြစ်သည့် ဗြူးခြေထောက်အဖို၊ အမ ၇၀၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)