ရပ်စောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ

ရပ်စောက် အောက်တိုဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းစိုးနိုင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ရပ်စောက်မြို့နယ်အတွင်း မီးဘေးနဲ့သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်မှုနှင့် ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် မီးသတ်ဦးစီးဌာနက လူအင်အား၊ ယဉ်/စက်ပစ္စည်းကိရိယာ နည်းပညာအင်အားဆိုတဲ့ ကဏ္ဍ (၃) ရပ် ပေါင်းစပ်ပြီး သင်တန်းကာလ(၄)ပတ်ကြာလေ့ကျင့် သင်ကြားပေးခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူလူထုအတွင်း မီးသတ်ပညာရပ်များ စိမ့်ဝင်ပြန့်နှံ့စေရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ရပ်ရွာအတွင်းမီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များကို စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပြီး မီးလောင်မှုဖြစ်ပွားလာပါက ယခုသင်တန်းတွင်ပို့ချသင်ကြား ပေးလိုက်သည့် ရှေးဦးမီးငြိမ်းသတ်ရေး ပညာရပ်များကို အသုံးပြု၍ထိရောက်စွာ အသုံးချသွားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းတွင် ဆုရရှိသည့် သင်တန်းသားများအားဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားခေါင်းဆောင်နှင့် ဆုရရှိသည့်သင်တန်းသားများက လက်ခံရယူခဲ့ကြပြီး ရပ်စောက်မြို့နယ် အရန်မီးသတ် ဒုတိယတပ်ရင်းမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။

ထို့နောက် လေ့ကျင့်ထားသော သင်တန်းသားများမှ လေ့ကျင့်ရေးကွင်းအတွင်း မီးသတ်စက်ကလေး၊ မီးသတ်စက်ကြီးများဖြင့် မီးငြိမ်းသတ်ခြင်း၊ ပိတ်မိနေသည့် ထပ်မြင့်အဆောက်အဦမှ လူနာအား ကယ်ဆယ်ခြင်း၊  မီးလောင်နေသည့် ထပ်မြင့်အဆောက်အဦကို မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့ သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ရပ်စောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား (၅၀)ဦးအား(၄)ပတ်ကြာ လေ့ကျင့် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

မြို့နယ် (ပြန်/ဆက်)