အင်တောမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

အင်တော အောက်တိုဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးစေပြီး အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို နံနက်ပိုင်းတွင် အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စု ကျောက်မီးခတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက သင်တန်းသူများအနေဖြင့် အခြေခံအပ်ချုပ်စက်သင်တန်းမှ ရရှိသည့်အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် တစ်ဖက် တစ်လမ်းမှ မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချသွားစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုရရှိသူများကို သင်တန်းသူများထံသို့ အသီးသီးပေးအပ် ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းသို့ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျောက်မီးခတ်ကျေးရွာ၊ ခဲကြားကျေးရွာ၊ ဖက်ရင်းကုန်းကျေးရွာ၊ ထမင်းပေါင်းကျေးရွာနှင့် ပုန်းအင်းကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦးအား တက်ရောက်ကြပြီး ကျွမ်းကျင်သင်တန်းနည်းပြဆရာများက စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက် နေ့ထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။   

အောင်ခိုင် (ပြန်/ဆက်)