ဂွ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည်တည်ဆောက်ရာ၌ ပါဝင်သွားသူများအား မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်း ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စည်ပင်ကျေးရွာ လျှိုပိတ်ဆည် မြေယာ/သီးနှံလျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးဦးက အမှာစကားပြောကြားခဲ့ပြီး စည်ပင်လျှိုပိတ်ဆည် မြေယာ/သီးနှံ လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ဆောင်ရွက်ခဲ့မှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြေယာ/သီးနှံလျော်ကြေးငွေများကို ပေးအပ်ခဲ့ရာ စည်ပင်လျှိုပိတ်ဆည် တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်မြေဧရိယာ (၆.၅၂) ဧကနှင့် မြေလွတ် (၈.၇၄) ဧကရှိ သီးနှံပင်များပါဝင်ခြင်းနှင့်ပတ်သက်၍ ကာယကံရှင်(၃)ဦးအား လျော်ကြေးငွေ ၆၃၈ သိန်း ၅ သောင်းကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး မြေယာ/သီးနှံ လျော်ကြေးငွေ လက်ခံရရှိမှုအပေါ် ကာယကံရှင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်