လင်းခေးမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်

လင်းခေး အောက်တိုဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် အသက်၉၀နှစ်နှင့်အထက်ဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီခွဲက အဆိုပါရုံးအဆောက်အဦး၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက သက်ကြီးဘိုးဘွားများအား လက်စုံမိုးဦးစွာကန်တော့ကြသည်။ ဆက်လက်၍ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ အသက်၉၀နှင့်အထက် ဘိုးဘွား(၁၄)ဦးတို့ထံ တစ်ဦးလျင်လှူဒါန်း ကန်‌တော့ငွေသားကျပ်(၃၀၀၀ဝိ/)စီနှင့် အာဟာရအစားအစာ လှူဘွယ်ပစ္စည်းတန်ဖိုး(၂၀၀၀ဝိ/-) စုစုပေါင်းကျပ်(၅၀၀၀ဝိ /-)စီဖြင့် ဘိုးဘွားတစ်ဦးချင်းထံ လှူဒါန်းကန်တော့ပေးခဲ့ကြသည်။

ယင်းနောက် လင်းခေးမြို့၊ တောင်ရွာရပ် (ကွက်သစ်နေ)‌အဘိုးဦးလှတင်က ကန်တော့ခံသက်ကြီးဘိုးဘွားများ၏ ကိုယ်စားကျေးဇူးတင်ဝမ်းမြောက်ပီတိစကား ပြန်လည်ချီးမြှင့်ပေးခဲ့ပြီးနောက် အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)