နောင်ချို အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က နောင်ချိုမြို့မရဲစခန်းဝန်း ဓမ္မာရုံတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားမကျင်းပမီ နောင်ချိုမြို့နယ်ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်ဟန်နှင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက နံနက်(၅)နာရီအချိန် ဆရာတော် သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြကာဆရာတော်များအား အရုဏ်ဆွမ်း၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားဆက်လက် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အခမ်းအနား၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟန်က (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပေးပို့လာသည့် ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်ရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်ခဲ့သူများ၊မြို့နယ်ရဲတပ်ဖွဲ့ရှိ တည်ဆောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ကူညီပါဝင်ဆောင်ရွက်ခဲ့သည့် CROWN ဘိလပ်မြေစက်ရုံ (လောက်ဖန်း)မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရဲအမှုထမ်းဟောင်းများ၊ ဆုရမိသားစုဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ပစ္စည်းများ၊ ဆုပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
နောင်ချို (ပြန်/ဆက်)