မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ ပွဲကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌  အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ပူဇော်ထိုက်သူကို ပူဇော်ကန်တော့ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ မိုင်းဆတ်မြို့ပေါ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဖိတ်ကြား၍ ပူဇော်ကန်တော့ရခြင်းဖြစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများသည် အသိပညာ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ သိက္ခာ၊ သမာဓိအားဖြင့် ပြည့်စုံနေဆဲကို အသိအမှတ်ပြုသင့်ကြောင်း အမှာအစကားပြောကြားသည်။

ဆက်လက်၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဘိုးဘွားတို့အား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး အသက်(၈၅)နှစ်အထက် အဘိုး(၁၀)ဦးနှင့် အဘွား(၂၀)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့်ဇနီး ဒေါ်မိမိခိုင်တို့ကလည်းကောင်း၊ မြို့နယ်လဝက ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းမွန်းဆေသောင်းနှင့် တာဝန်ရှိသူတို့က လှူဖွယ်ပစ္စည်းများ လှူဒါန်းကန်တော့ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)