ဆီဆိုင် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဘိုးဘွားများအား ပူဇော်ကန်တော့ငွေများ လှူဒါန်းပေးအပ်ရာ ဘိုးဘွားများ၏ ကိုယ်စား အဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သပေးခဲ့သည်။
ဆီဆိုင်မြို့ပေါ်(၆)ရပ်ကွက်မှ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၂)ဦးအတွက် အဟာရကျွေးမွေးခြင်းနှင့် ဘိုးဘွားတစ်ဦးလျင် ငွေကျပ် သုံးသောင်းခွဲနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၂၀၀၀၀) အား ပူဇော်ကန်တော့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)