ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် Hand Held Mega Phone များ လွှဲပြောင်းပေးအပ်

ကျေးသီး  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ဖြစ်စေရန်အတွက် Hand Held Mega Phone များအား ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ကျေးသီးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်နှင့် တာဝန်ရှိသူတို့က ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၏ လက်ဝယ်သို့ Hand Held Mega Phone (၄၆) ခုအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့သို့ Hand Held Mega Phone ထောက်ပံ့ပေးရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်၊ မြို့ပေါ်နှင့် ကျေးရွာနေ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အသိ ပေး ကြေညာချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် လိုက်နာရမည့် အချက်များအားရပ်ကွက်၊ ကျေးရွာနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သဲစုပိုင် (ပြန်/ဆက်)