လားရှိုးမြို့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လားရှိုး အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများအား ယနေ့ နံနက်(၇)နာရီ အချိန်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းမှူးနှင့်အဖွဲ့သည် မန်ဆူဘုရားမှ လားရှိုးကြီးမီးပွိုင့်တစ်လျှောက် ဆောင်ရွက်လျက်ရှိသော လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေနှုတ်မြောင်းတူးဖော်ခြင်း၊ ရေနှုတ်မြောင်းအတွင်း အမှိုက်များရှင်းလင်းခြင်း လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)