ပေါင် အောက်တိုဘာ ၁
ပေါင်မြို့နယ်တွင် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၏ ဒုတိယ(၃)လပတ်အတွက် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ဝါရီရူခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးတို့အား ထောက်ပံငွေများ ပေးအပ်ခဲ့သည်။
သက်ကြီးဘိုးဘွားများ၏ ဝင်ငွေလုံခြုံမှုနှင့် ကိုယ်ပိုင်ဝင်ငွေရှိသည့် စိတ်ခံစားချက်ရရှိစေရန်၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျုဟာစီမံချက်၏ အစီအစဉ် တစ်ရပ်အဖြစ် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ခြင်းကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်မှ စတင်ကာ အသက် (၉၀) နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် တစ်လ (၁၀,၀၀၀/-) ကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် အကျုံးဝင်သည့် အသက်ကန့်သတ်မှုအား (၈၅) နှစ်နှင့်အထက်သို့ လျှော့ချပြောင်းလဲ၍ (၁) လလျှင် (၁၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပါသည်။
စက်တင်ဘာလ(၃၀)ရက်နေ့တွင် ယခုဘဏ္ဍာရေးနှစ်၏ ဒုတိယ (၃) လပတ်ဖြစ်သည့် ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလတို့အတွက် ပေါင်မြို့နယ်အနေဖြင့် အဘိုး၊ အဘွား (၁၂၄၉) ဦး အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၃၇,၄၇၀,၀၀၀/-)ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရ ပါသည်။
မြို့နယ်(ပြန်/ဆက်)