တာမွေမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ရန်ကုန် စက်တင်ဘာ ၁၆

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား လျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေ ဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင် ရေးတို့အတွက်  အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ နေ့စဉ် ည ၁၂ နာရီအချိန်မှ နောက်တစ်နေ့ နံနက် ၄ နာရီအချိန်အထိ ည မထွက်ရအမိန့်(၂၁/၂၀၂၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။ ဤအမိန့် သည် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေ အရ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် ဤအမိန့်ထုတ်ပြန်ပြီးသည့်နေ့မှစ၍ (၂)လ အတည်ဖြစ်သည်။ တာမွေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်လ ၁၄ ရက်နေ့ဖြင့် ထုတ်ပြန်ထားရှိသော အမိန့်ကြော်ငြာ စာအမှတ် ၁၂/၂၀၂၀ ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အဆိုပါ ညမထွက်ရအမိန့်အား သိရှိနိုင်ပါရန် ယမန်နေ့ည ၇ နာရီအချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ရပ်ကွက်များအလိုက် အသံချဲ့စက်များဖြင့် လိုက်လံအသိပေး ကြေညာပေးခဲ့ကြောင်း သတင်းရရှိသည်။

မို့မို့အောင်