တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တောင်ဥက္ကလာပ  အောက်တိုဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၃၁)အခြေခံပညာမူလတန်း ကျောင်းတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းဝန်း အတွင်း ခြင်များ ခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်းခြင်များ ပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာ ဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း/ အပြင်ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေး အတွက်ခြင်ဆေးများ မှုတ်ပေးခြင်း စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင်ခြင်မှ တစ်ဆင့်ကူးစက် ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)