ဟိုပန် အောက်တိုဘာ ၁
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးပြီး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးကြစေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက်(၉)နာရီက ဟိုပန်မြို့မ၊ တောင်သူနည်းပညာပြန့်ပွားရေးစင်တာ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် သက်ဆိုင်ရာ စိုက်ပျိုးရေး တာဝန်ခံများက စပါးမျိုးကောင်း၊မျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ စပါးမျိုးမှန် အပင်သန် ဆားရည်စိမ်၍စိုက်ပျိုးခြင်း၊ အာလူးစိုက်ပျိုးထုတ်လုပ်မှု၊ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် ကြိုတင်သတိထားရမည့်အချက်များ၊ မြေဩဇာစနစ်တကျ သုံးစွဲခြင်းနှင့် သဘာဝမြေဩဇာ သုံးစွဲခြင်း၏ အကျိုးကျေးဇူးများနှင့် ပြုလုပ်သုံးစွဲနည်းများ၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းဆိုင်ရာများနှင့် ပိုးသတ်ဆေးစနစ်တကျ အန္တရာယ်ကင်းစွာ သုံးစွဲနည်းများ စသည့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာများကို ကဏ္ဍအလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းသို့ ဟိုပန်မြို့နယ်အတွင်းရှိ နောင်မို၊ အားဝေါ်ကျိုင်း၊ မုန်းကွန်၊ မန်မိုင် နှင့် မော်ဟွေ့ ကျေးရွာများမှ တောင်သူ(၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)