စစ်တွေ အောက်တိုဘာ ၁
ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကမ်းခြေ တစ်လျှောက် စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ညနေပိုင်းက စစ်တွေကမ်းခြေတွင် ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလှည့်လည် ကြည့်ရှုအားပေးကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှေ့ စစ်တွေကမ်းခြေတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုပြီး သေက်ရေသန့်နှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမ်းနားလမ်း တြိဂံလမ်းဆုံအနီးရှိ ကမ်းခြေတွင် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည် ကြည့်ရှုအားပေးပြီး သောက်ရေသန့်နှင့်စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။
ထို့သို့ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ကြရာတွင် ဌာနဆိုင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများသည် ကမ်းခြေတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များ၊ ပလတ်စတိတ်အိတ်များနှင့် ဒီရေတောသစ်ပင်များတွင် ကပ်ငြိမ့်နေသော ပလပ်စတိတ်အိတ်များအား စုပေါင်းကောက်ယူရှင်းလင်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)