ချောင်းဆုံ အောက်တိုဘာ ၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဦးစားပေး ကဏ္ဍအနေဖြင့် အလေးထားဆောင်လျက်ရှိရာ စက်တင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဟောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးတွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံရေးသည် အဓိကအရေးကြီးသလို တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် ဒေသတွင်း စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင်လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်သူများ၏ လူမှု၊ စီးပွားဘဝ အေးချမ်းသာယာလာနိုင်မည်ဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာရရှိခြင်းတို့ကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကိုလည်း ဖြစ်ထွန်းအောင်မြင်စေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ အခြားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ကြရန်လိုအပ်ပြီး မိုးစပါးအပါအဝင် နွေစပါးနှင့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကိုလည်း ထိုးနှံပေးလျက်ရှိသလို နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကိုလည်း မြေပြင်အထိကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဒေသအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ရေရရှိရေးနှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများမှ လိုအပ်သည်များကို တင်ပြပေးစေလိုကြောင်းနှင့် တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပြီး တတ်နိုင်သရွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ နယ်မြေအေးချမ်း သာယာရေး နှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်းရေး ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသတွင်း လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ စိုက်ပျိုးရေရရှိရေး၊ အရင်းမပျောက် ရန်ပုံငွေများဖြင့် စီမံကိန်းကျေးရွာများ ဆောင်ရွက်ပေးနိုင်ရေးနှင့် အခြားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြတောင်းခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကွမ်ရိုက်ကျေးရွာအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)