ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ပြည်သူများအားလုံး Maskတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask(အခမဲ့) ဖြန့်ဝေခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဘူးသီးတောင် အောက်တိုဘာ ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး သွားလာကြရန် MaskCampaignပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လှယ်၍ နှာခေါင်းစည်းMaskများ ဖြန့်ဝေကာကိုဗစ်-၁၉ ရောဂါကာကွယ်ကြရန် အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ပြည်သူများနှာခေါင်းစည်း Maskတပ်ဆင်ပြီးသွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုအကြိမ်ပြည့် မှီအောင်ထိုးနှံကြရန်၊ လက်ကိုမကြာခဏဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန်တို့ကို မြို့ပေါ်ရပ်ကွက်အလိုက် လှည့်လှယ်၍အသိ ပညာပေးဆောင်ရွက်လျက်ရှိပြီး ဈေးရောင်း၊ဈေး၀ယ်၊လမ်းသွားလမ်းလာပြည်သူများကို Mask များ(အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများ ပူးပေါင်း၍ ပါးစပ်၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးသွားလာကြရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)