တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

တောင်သာ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မင်းစုအခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်း ပို့ချရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာဗျူဟာစီမံကိန်း ပန်းတိုင်များနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်မိမိလေးကလည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးခွင့်နှင့် မဲဆန္ဒစာရင်းပြုစုခြင်းအား  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးသန်းလွင်က လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီ များဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်းနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းအား  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးခင်မောင်ညိုကလည်းကောင်း၊ မဲပေးခြင်း မဲရေတွက်ခြင်းနှင့် ရလဒ်များ  ထုတ်ပြန်ကြေညာခြင်းနှင့် ပြည်သူ လူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာမှုများကို စီမံခန့်ခွဲခြင်း၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်းအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါ်ခင်ခင်မြင့်က လည်းကောင်း၊ မြို့နယ်ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ အခန်း ကဏ္ဍ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ပြုံးကြည်က ဘာသာရပ်များအလိုက် သင်တန်းပို့ချကြသည်။

အဆိုပါ သင်တန်းကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စက်တင်ဘာလ(၁၆)ရက်မှ (၁၈)ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပထမရက်တွင် သင်တန်းသား(၂၈)ဦး၊ ဒုတိယရက်တွင် သင်တန်းသား(၂၈)ဦး၊ တတိယရက်တွင် သင်တန်းသား (၂၆) ဦးတို့ကို နံနက်(၈)နာရီခွဲမှ နေ့လယ် (၁၂) နာရီထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)