ရပ်စောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

ရပ်စောက် စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းစိုးနိုင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရပ်စောက်မြို့နယ်အတွင်း မီးဘေးနဲ့သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်မှုနှင့် ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် မီးသတ်ဦးစီးဌာနက လူအင်အား၊ ယာဉ်/စက်ပစ္စည်းကိရိယာ နည်းပညာအင်အားဆိုတဲ့ ကဏ္ဍ(၃)ရပ်ပေါင်းစပ်ပြီး သင်တန်းကာလ (၄)ပတ်ကြာလေ့ကျင့် သင်ကြားပေးခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူလူထုအတွင်း မီးသတ် ပညာရပ်များ စိမ့်ဝင်ပြန့်နှံ့စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ရပ်ရွာအတွင်း မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး လုပ်ငန်းစဉ်များကို စည်းရုံးဆောင်ရွက်သွားကြရန်လိုအပ်ပြီး မီးလောင်မှုဖြစ်ပွားလာပါက ယခုသင်တန်းတွင် ပို့ချသင်ကြားပေးလိုက်သည့် ရှေးဦးမီးငြိမ်းသတ်ရေး ပညာရပ်များကို အသုံးပြု၍ထိရောက်စွာ အသုံးချသွားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းတွင် ဆုရရှိသည့်သင်တန်းသားများအား ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားခေါင်းဆောင်နှင့် ဆုရရှိသည့် သင်တန်းသားများက လက်ခံ ရယူခဲ့ကြပြီး ရပ်စောက်မြို့နယ်အရန်မီးသတ် ဒုတိယတပ်ရင်းမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လေ့ကျင့်ထားသော သင်တန်းသားများမှ လေ့ကျင့်ရေးကွင်းအတွင်း မီးသတ် စက်ကလေး၊ မီးသတ်စက်ကြီးများဖြင့် မီးငြိမ်းသတ်ခြင်း၊ ပိတ်မိနေသည့် ထပ်မြင့် အဆောက်အဦမှ လူနာအား ကယ်ဆယ်ခြင်း၊  မီးလောင်နေသည့် ထပ်မြင့်အဆောက်အဦကို မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

 အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ရပ်စောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား (၅၀)ဦးအား (၄)ပတ်ကြာ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

 မြို့နယ်ပြန်/ဆက်