ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ၍ ကျန်းမာရေးစစ်ကြောင်းမှ Mask များ ဖြန့်ဝေပေး

ဒဂုံ   စက်တင်ဘာ  ၃၀                                                                    

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်၀င်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် ၉ နာရီမှ ၁၃:၀၀ နာရီထိ ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးစောပိုင်၊ အဖွဲ့ဝင်(၂)ဦးမြင့်အေး၊ အတွင်းရေးမှူးယာယီရဲမှူးမင်းခိုင်တို့မှကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးနှင့်ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်အဖြစ်ကျား(၃၅)ဦး၊ မ(၄၅)ဦး ပေါင်း(၈၀)ဦးတို့အား (Sinopharm) အမျိုးအစားကာကွယ်ဆေး(၁)လုံးလျှင်လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၁၆)လုံးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ကျား(၂၃)ဦး၊ မ(၄၃)ဦး၊ ပေါင်း(၆၆)ဦးတို့အား (Sinopharm) အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင် လူ(၅) ဦးနှုန်းဖြင့် ဆေးလုံးရေ(၁၃.၂) လုံးအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ကျား(၂၅၀)ဦး၊ မ(၅၃၀)ဦး ပေါင်း(၇၈၀)ဦးတို့အား (Myancopharm) အမျိုးအစား ကာကွယ်ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ဆေးလုံးရေ(၁၅၆)လုံးအားလည်းကောင်း၊ စုစုပေါင်း(ကျား ၃၀၈ + မ ၆၁၈ = ၉၂၆ ဦး)တို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ကျန်းမာရေးစစ်ကြောင်းအဖွဲ့ဝင်များက Mask များဝေငှပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား ဒဂုံမြို့မရဲစခန်းမှ ဒုရဲမှူးဇေယျာမင်းပါ(၄)ဦးမှ ကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်