သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  အသိပညာပေး(Talk Show) ဆောင်ရွက်

သိန္နီ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ ကမ္ဘာ့ဆရာများနေ့နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ရိုက်ကူးတင်ဆက်ရခြင်းမှာ ပြည်သူများအနေဖြင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို အစဉ်သတိရပြီး ကမ္ဘာဆရာများနေ့အား အလေးထားစေရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဒု-မြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျက ကမ္ဘာ့ဆရာများနေ့ ပေါ်ပေါက်လာပုံ၊ ဆရာ၊ ဆရာမများတွင် ရှိသင့်ရှိအပ်သော အရည်အချင်းများ၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲများကို Online မှတစ်ဆင့် လွှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဆွေးနွေးခြင်းများကို သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Hseni Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)