ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုပြုလုပ်၍ နှာခေါင်းစည်းများဖြန့်ဝေ

ဆီဆိုင် စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု အသိပညာပေးလှုပ်ရှားမှုပြုလုပ်၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဆီဆိုင်မြို့မဈေးရှေ့၊ တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နေအိမ်မှ အပြင်သို့ ထွက်ခွာသည့်အချိန်တိုင်း၊ လူစည်ကားရာ နေရာများသို့ သွားလာသည့် အချိန်တိုင်း နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ဆေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လိုက်နာရန် အသိပေးနှိုးဆော်၍ နှာခေါင်းစည်း(Mask) (၂၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)