လားရှိုး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ၊ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့၊ ပရဟိတ အသင်းအဖွဲ့များအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီ နှင့်လုပ်ငန်းရှင်များမှ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းက COVID-19 ရောဂါကာလအတွင်း လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၏ ကူညီ ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၊ လုပ်ငန်းရှင်များ၊ အလှူရှင်များမှ ကောက်ခံရရှိသော အလှူငွေ စုစုပေါင်း ကျပ်သိန်း(၁၂၀)၊ Mask အခုရေ(၁၀၀၀၀)၊ PPE ဝတ်စုံ (၅၀)စုံနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ တို့အား တာဝန်ရှိသူများက ပေးအပ်ထောက်ပံ့ရာ သက်ဆိုင်ရာအသင်းဖွဲ့တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)