တောင်ကြီး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်စေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ ၅ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဌာန၏ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများအား ပြောကြားပြီး တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၂) ကို သင်တန်းသား ၂၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း၊ သင်တန်းကာလ တစ်လခွဲ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ပြည်သူများ ကာယ၊ ဉာဏစွမ်းရည်ရင့်သန်လာစေရန် သင်တန်းများ ဆက်လက်ပို့ချသွားမည်ကြောင်း သိရသည်။
ဇော်နိုင်လင်း