လှည်းကူးမြို့ ရန်ကုန်အမြန်လမ်းမပေါ်ရှိ (၀)မိုင်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ဆောင်ရွက်

လှည်းကူး စက်တင်ဘာ ၃၀

နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီက လှည်းကူးမြို့၊ ရန်ကုန်အမြန်လမ်းပေါ်ရှိ (၀)မိုင်ဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ခရီးသွားပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း စနစ်တကျ နေထိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ရေပြည့်ဝစွာ ထိုးနှံရေးတို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)