ချောင်းဆုံ စက်တင်ဘာ ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မုန်တိုင်းဘေး အန္တရာယ် တုန့်ပြန်ရေး ဆိုင်ရာနှင့် ပြည်သူလူထု ပါဝင်သော သဏ္ဍန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပင်လယ်ဆိပ်ကမ်းနားရှိ နတ်မှော်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းဦးက မုန်တိုင်း သတိပေး အရေးပေါ် ထုတ်ပြန်ချက် (အညိုရောင်အဆင့်) သတင်းအား ကျေးရွာနေ ပြည်သူလူထုများ သိရှိနိုင်ရန် အသံချဲစက်ဖြင့် ကြေငြာပြီး ကြိုတင်ပြင်ဆင် သတ်မှတ်ထားသည့် School Cum Shelter (ဘေးလွတ်ရာ)သို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ် ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား ရှေးဦး သူနာပြုစု စောင့်ရှောက်ခြင်းနှင့် ဆေးရုံဆေးခန်းသို့ လူနာတင်ယာဉ်ဖြင့် ကူညီ ပို့ဆောင်ခြင်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းကို ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့်၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ကာကွယ်ရေး ကော်မတီဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၄၅)ဦးခန့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးတို့မှ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး စသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေး ဟောပြောပေးခြင်းနှင့် လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)