ကျောက်ဆည်ခရိုင်တွင် ဈေးကား(၉)စီးဖြင့် စားအုန်းဆီပေပါအလုံး(၆၀)အား ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေး

ကျောက်ဆည်   စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ခရိုင်စားသုံး သူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်တို့မှ ယနေ့နံနက်(၈)နာရီမှစတင်ကာ ဈေးကား(၉)စီးဖြင့် စားအုန်းဆီ ပေပါအလုံး(၆၀)အား ဈေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အင်တိုင်း ကျေးရွာ၊ ဒါန်းတိုင်ကျေးရွာ၊ ဒါန်ရွာကျေးရွာနှင့် စက်မှုဇုံနယ်မြေအတွင်းရှိစက်ရုံများတွင် လည်းကောင်း၊ စဉ့်ကိုင်မြို့နယ် ဇီတောကျေးရွာနှင့် တဘက်ဆွဲကျေးရွာများတွင်လည်းကောင်း၊ မြစ်သားမြို့နယ်နှဲဝဲ ကျေးရွာ၊ ရွာသာကျေးရွာနှင့် ကူမဲမြို့ သာယာအေးရပ်များတွင် လည်းကောင်း လှည့်လည်ကာ မိသားစု တစ်စုတွင် ငွေ(၅၁၀၀)ကျပ်နှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာစီရောင်းချပေးခဲ့ကြောင်း  ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားအုန်းဆီများ ရောင်းချရာတွင် သတ်မှတ်အရည်အသွေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွှတ်သောစားသုံးဆီများ ပြည်သူများလက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာ ရောက်ရှိသုံးစွဲနိုင်ရေး၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးနှင့် ကုန်သည်များအနေဖြင့် စားသုံးဆီများကို  ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်